Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine-UEHRD ၏ အင်တာနက် စာမျက်နှာ Website လွှင့်တင်ခြင်း

Oct 18, 2017 by

၁။                     နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဌအဖြစ် တာဝန်ယူ ဆောင်ရွက်မည့် ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း(Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine-UEHRD) ၏ အင်တာနက် စာမျက်နှာ Website ကို ၁၅-၁၀-၂၀၁၇ ရက်(တနင်္ဂနွေနေ့)တွင် စတင်လွှင့်တင်ခဲ့ပြီးဖြစ်ပါသည်။

၂။                     အဆိုပါ အင်တာနက်လိပ်စာမှာ http://rakhine.unionenterprise.org ဖြစ်ပြီး စီမံကိန်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်များနှင့် ထည့်ဝင်လှူဒါန်းမှု ပြုလုပ်လိုသူများ ဆက်သွယ်လှူဒါန်းနိုင်မည့်  ဘဏ်စာရင်းများကိုလည်း ဖော်ပြထားပါသည်။

၃။                     ဤစီမံကိန်းအနေဖြင့် ရခိုင်ပြည်နယ်အတွက် အောက်ဖော်ပြပါ အဓိက လုပ်ငန်းစဉ် ကြီး (၃) ခုကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်-

လုပ်ငန်းစဉ် (၁) လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ထိထိရောက်ရောက် ပေးအပ်ရေးနှင့် ဒုက္ခသည်များ ပြန်လည်လက်ခံရေး။

လုပ်ငန်းစဉ် (၂) ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေး။

လုပ်ငန်းစဉ် (၃) ဒေသဖွံ့ဖြိုးရေးနှင့် ရေရှည်ပဋိပက္ခကင်းဝေးရေး။

၎။                     ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း(Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine) တွင် နိုင်ငံတော် အစိုးရနှင့်အတူ ပြည်တွင်း/ပြည်ပနိုင်ငံ အဖွဲ့အစည်းစုံ ပါဝင်နိုင်မှု၊ ကဏ္ဍစုံ/အလွှာစုံပါဝင်နိုင်မှု၊ လုပ်ငန်းမျိုးစုံ ဆောင်ရွက်နိုင်မှုတို့အတွက် ရည်ရွယ်ပြီး ဖွဲ့စည်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၅။                     ဤစီမံကိန်းတွင် ပြည်သူပြည်သားများ၊ ပြည်တွင်း NGO များနှင့် CSO များ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများ ပူးပေါင်းပါဝင်ကြရန် မေတ္တာရပ်ခံထားပြီး ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေး အတွက် ပံ့ပိုးကူညီပေးရန် ကမ်းလှမ်းထားသည့် နိုင်ငံများ၊ ကုလသမဂ္ဂအေဂျင်စီများ၊ World Bank နှင့် ADB ကဲ့သို့သော ဘဏ္ဍာရေးအဖွဲ့အစည်းများ၊ Nippon Foundation ကဲ့သို့သော INGO အဖွဲ့အစည်းများနှင့် မိတ်ဆွေနိုင်ငံများ ပါဝင်ကြရန်လည်း ဖိတ်ခေါ်ထားပါသည်။

၆။                     လော့စ်အိန်ဂျယ်လိစ်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်စစ်နယ်မြေအတွင်း နေထိုင်လျက်ရှိသည့် ပြည်ထောင်စုဖွား ညီအစ်ကို မောင်နှမများသာမက မြန်မာနိုင်ငံအပေါ် စေတနာထားသည့် မိတ်ဆွေ များမှ ပါဝင်ကူညီဆက်သွယ်လှူဒါန်းနိုင်ရေးကို လိုအပ်သကဲ့သို့ ချိတ်ဆက် ပံ့ပိုးဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း အသိပေးတင်ပြအပ်ပါသည်။

မြန်မာကောင်စစ်ဝန်ချုပ်ရုံး

လော့စ်အိန်ဂျယ်လိစ်မြို့

ရက်စွဲ။ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်

Related Posts

Tags

Share This